အမောချွေးတွေ ပြေစေဘို့ သစ်ရိပ်ကောင်းကောင်း ခိုနားစို့

Thursday 8 November 2012

အိပ်မက်အကြောင်း




လူတိုင်းလိုလို အိပ်မက်တွေမက်ဖူးကြပါလိမ့်မယ်။ တစ်ချို့ကလည်း ဗေဒင်ဆရာကိုမေး ယတြာတွေချေနေ ကြတာ ရွာဦးကျောင်းက ကန့်ကော်ပင်လည်း အရိပ်မရှိလောက်အောင်ပါပဲ။ သစ်သီးကိုးမျိုး၊ ပန်းဆယ်မျိုး ကို မြေအိုးထဲထည့်ပြီး အရှေ့တောင်ထောင့်ကို ပစ်လိုက်ပါဆိုလို့ သွားလေ့ သွားထမရှိတဲ့ နေရာတွေကို သွားလေ့သွားထမရှိတဲ့ အချိန်တွေမှာသွားပြီး ကုစားရတာ အမောပါ။ ဘာပဲဖြစ်ဖြစ်လေ ခဏ တာတော့ ဗေဒင်ဆရာကို ပိတ်ဆံပေးပြီး စိတ်သက်သာရာကို ၀ယ်သလိုပေါ့။ ကိုယ့်ကိုကိုယ် ဗုဒ္ဓဘာသာ လို့ ခံယူထားရင် ကျမ်းဂန်ထဲက အိပ်မက်အကြောင်းကို သိထားသင့်ပြီး ကျင့်သွားစေချင်လို့ အိမက် အကြောင်းကို တင်ပြသွားပါရစေ။

ဘာကြောင့်အိပ်မက်မက်သလဲ

(၁) ဓာတုက္ခောဘ လို့ခေါ်တဲ့ ဓာတ်ခြောက်ခြားလို့မက်တယ်။ ဓာတ်ခြောက်တယ်ဆိုတာ အထူး အဆန်းတော့ မဟုတ်ပါဘူး၊ ခန္ဒာကိုယ်မှာ ရှိတဲ့ ဓာတ်လေးပါး (ပထ၀ီဓာတ် အာပေါဓာတ် ၀ါယော ဓာတ် တေဇောဓာတ်) မညီမညွတ် ဖြစ်ပြီး အိပ်ပျော်နေချိန်မှာ သိပ်အေးလွန်းနေရင် ရေထဲမှာကူး ခတ်နေရ တာမျိုး၊ တောင်ပေါ်အမြင့်ကို တက်နေရသလိုမျိုး၊ ခြင်္သေ့ ကျား ခွေးစတဲ့ တိရိစ္ဆာန်တွေ အနောက်ကလိုက် လို့ မှီလုမှီချင်ပြေးနေရသလိုမျိုး မြင်မက်ပါတယ်။

(၂) အနုဘူတပုဗ္ဗ- မကြာသေးသောအတိတ်က ခံစားရတဲ့ စားဘွယ်သောက်ဖွယ်၊ နေစရာအဆောက် အအုံ၊ တွေ့ကြုံဖူးတဲ့ အရာတွေကို နွားများ စားမြုံ့ပြန်သလို ပြန်လည်တမ်း တမြင်မက်ပါ တယ်။ ရေခဲ မုန့်စားဖူးရင် ရေခဲမုန့်ကို ထပ်စားနေရ သယောင်ယောင် ၊ တွေခဲ့တဲ့ လူကို ပြန်တွေပြီး စကားတွေပြော နေသယောင် အယောင်ဆောင်အိပ်မက်တွေမက်ကြတယ်။

(၃)  ဒေ၀တောပသံဟာရလို့ ပါဠိလိုခေါ်တယ်။ နတ်တွေက အကျိုးကိုလိုလားရင် ဘယ်သစ်ပင်အောက်မှာ ရတနာထုပ်မြုပ်လို့ထားတယ်၊ လူသူမခေါ် တစ်ယောက်တည်း တူးဖော်ပြီး ယူချေလို့ ပြောမယ်၊ အကျိုးကိုမလိုလားပြန်ရင်လည်း ရှေ့ပုံစံအတိုင်း ခိုင်းပြီး တကယ်တမ်း သွားတူးတော့ ငွေတွေ မတွေ့ ပဲ မြွေတွေဖြစ်နေတတ်ပြန်တယ်။ နတ်တွေလမ်းညွန်တဲ့ အိပ်မက်ပေါ့။

(၄) ပုဗ္ဗနိမိတ္တ ရှေ့ပြေးနိမိတ်အိပ်မက်ပါ။ ကောသလမင်းကြီ မက်တဲ့ ၁၆ ချက်သော အိပ်မက်တွေတို့၊ မြတ်ဗုဒ္ဓရဲ့ မနက်ဖြန်လို ဘုရားဖြစ်မည်ဆိုတော့ ညက မက်တဲ့ အိပ်မက်တွေပါ။ မြတ်ဗုဒ္ဓ ဘုရားဖြစ်တော့ မည့် ညကမက်တဲ့ အိပ်မက်တွေထဲမှာ မစင်ပုံ ကြီးကိုတက် နင်းပေမဲ့ မစင်တစ်စက်မှ မပေဘူးလို့ မက်တယ်။ အမှန်တော့ မစင်ပုံကို ပစ္စည်းလေးပါးနဲ့ ခိုင်းနှိုင်းပါတယ်၊ တက်နင်းရတယ်ဆိုတာ စိန်ရွှေ ရတနာတွေအလယ်မှာ နေရမယ် ၊ သို့သော်လည်း တဏှာရာဂနဲ့ တစိုးတစိမျှ မကပ်ငြိပါဘူးလို့ မက်တဲ့ အိပ်မက်ပါ။ ရှေ့အနာဂတ်မှာ တကယ်ဖြစ်မည့်အကြောင်းအရာတွေကို ကြိုတင်သတိပေးသ လိုမျိုးမက်ပါ တယ်။ အိပ်မက်မက်ရင် ဘယ်သူပဲဖြစ်ဖြစ် အထက်ပါ လေးမျိုးထဲက တစ်မျိုးမျိုးနဲ့ မက်နေ ကြပါတယ်။ ဒါပေမဲ့ နောက်ဆုံးအချက်က သာမာန်လူတွေမမက်ပါဘူး၊ ဘုရားလောင်းတို့လို ပါရမီထူးကဲ ပုဂ္ဂိုလ်များ သာမက်ပါတယ်။

မှန်-မမှန်

ရှေ့ဆုံး နစ်ခုကတော့ လုံးဝမမှန်ပါဘူး၊ တတိယမြောက် နတ်တွေပြတဲ့ အချက်ကတော့ မှန်တာရှိသလို၊ မမှန်တာလည်းရှိပါတယ်။ စတုတ္ထမြောက်ဘုရားလောင်းမက်တဲ့ အိပ်မက်ကတော့ သေချာပေါက်မှန်ပါ တယ်။

ဘယ်အချိန်မက်သလဲ

လူတစ်ယောက်ဟာ ည ၁၀ နာရီကစအိပ်တယ်ဆိုပါစို့၊ ၁၁ တစ်နာရီဟာ အိပ်မောကျတဲ့ အချိန်ပါ။ အဲဒီအချိန်မှာ မမက်ပါဘူး။မျောက်တွေ အိပ်သလို ပျော်တစ်ဝက် နိုးတစ်ဝက် မေးစက်စက် အချိန်မှာ မက်ပါတယ်။ ဒါကြောင့်လည်း အိပ်မက်မက်ပြီး အိပ်ယာက လန့်နိုးလာတာလို့ အပြောများတာပေါ့။

အကျိုးပေး မပေး

အိပ်ပျော်နေတဲ့ စိတ်ကို ဘ၀င်စိတ်လို့ခေါ်တယ်။ သိပ်ဖြူစင်ပြီး အရောင်တွေ တောက်နေ တယ်လို့ ဘုရားဟောထားတယ်။ နိုးလာတဲ့အချိန်ကျမှ ကောင်းတာတွေ မကောင်းတာတွေလုပ်ကြတာမို့ အကျိုး မပေးနိုင်ပါဘူး။ လက်တွေ့လောကကိုပဲကြည့်လိုက်ပါ ဘယ်သူက ဘယ်သူ့ကို စိတ်နဲ့ သတ်လိုက် လို့ ထောင်ဘယ်နစ်နစ်ကျသွားတယ်လို့မကြားဖူးပါ။ ရဟန်းတော်တွေမှာ လူထက်ပို့တဲ့ ဗုဒ္ဓချမှတ်ထားတဲ့ စည်းမျဉ်း စည်းကမ်းတွေရှိပါတယ်။ စိတ်နဲ့ကျူးလွန်တဲ့ စည်းကမ်းကိုတော့ အပြစ်လို့သတ်မှတ် ထားခြင်း မရှိပါဘူး၊ လွတ်စေအမိန့်ချမှတ်ခဲ့ပါတယ်။

ဘယ်သူတွေအိပ်မက်မက်သလဲ

လူတိုင်းအိပ်မက်မက်တယ်ဆိုပေမယ့် အမြင်မှန်ရပြီးကြသော မြတ်ဗုဒ္ဓနှင့် ရဟန္တာများ ဘယ်လိုအိပ်မက်မှ မမက်တော့ပါ။ အမှန်တရားမရှိသေးလို့ မမြဲတဲ့သဘောတရားကို မြဲတယ်လို့ထင်နေကြသူတွေ၊ ဒုက္ခက ပျား ရည်လို ချိုပါတယ်ဆိုသူတွေ၊အစိုးမရပါဘူးဆို လွတ်လတ်ရေးရပြီလို့အော်နေကြတဲ့ သူတွေ၊ ငါ့အယူ သာမှန် တယ်၊ တခြားအယူအဆတွေ အလကား နားခါးတယ်လို့ အာဘောင်အာရင်းသန်သန်နဲ့ပြောပြီး ကိုယ့် ကို ပေါ်တင် လိမ်တာတောင် အလိမ်ခံရမှန်းမ သိတဲ့ ကြောင်တောင်ကန်း ပုထုဇဉ်တွေသာမက် ကြတယ်။

 ဒါကြောင့် အိပ်မက်နဲ့ပတ်သက်တဲ့ အကြောင်းအရာကို တင်ပြရင်း လူသားအားလုံး မဟုတ်တာကို ဟုတ်တာထင်ခြင်း ( ဒိဌိဝိပလ္လာသ ) အမြင်မှားမှု မှလွတ်မြောက်ပြီး အိပ်မက်လှလှမက်နိုင်ကြပါစေ…

ကျမ်းကိုး။  ။အဂုၤတၱရနိကာယ အ႒ကထာ

No comments:

Post a Comment