အမောချွေးတွေ ပြေစေဘို့ သစ်ရိပ်ကောင်းကောင်း ခိုနားစို့

Thursday 8 November 2012

အိပ်မက်အကြောင်း




လူတိုင်းလိုလို အိပ်မက်တွေမက်ဖူးကြပါလိမ့်မယ်။ တစ်ချို့ကလည်း ဗေဒင်ဆရာကိုမေး ယတြာတွေချေနေ ကြတာ ရွာဦးကျောင်းက ကန့်ကော်ပင်လည်း အရိပ်မရှိလောက်အောင်ပါပဲ။ သစ်သီးကိုးမျိုး၊ ပန်းဆယ်မျိုး ကို မြေအိုးထဲထည့်ပြီး အရှေ့တောင်ထောင့်ကို ပစ်လိုက်ပါဆိုလို့ သွားလေ့ သွားထမရှိတဲ့ နေရာတွေကို သွားလေ့သွားထမရှိတဲ့ အချိန်တွေမှာသွားပြီး ကုစားရတာ အမောပါ။ ဘာပဲဖြစ်ဖြစ်လေ ခဏ တာတော့ ဗေဒင်ဆရာကို ပိတ်ဆံပေးပြီး စိတ်သက်သာရာကို ၀ယ်သလိုပေါ့။ ကိုယ့်ကိုကိုယ် ဗုဒ္ဓဘာသာ လို့ ခံယူထားရင် ကျမ်းဂန်ထဲက အိပ်မက်အကြောင်းကို သိထားသင့်ပြီး ကျင့်သွားစေချင်လို့ အိမက် အကြောင်းကို တင်ပြသွားပါရစေ။

ဘာကြောင့်အိပ်မက်မက်သလဲ

(၁) ဓာတုက္ခောဘ လို့ခေါ်တဲ့ ဓာတ်ခြောက်ခြားလို့မက်တယ်။ ဓာတ်ခြောက်တယ်ဆိုတာ အထူး အဆန်းတော့ မဟုတ်ပါဘူး၊ ခန္ဒာကိုယ်မှာ ရှိတဲ့ ဓာတ်လေးပါး (ပထ၀ီဓာတ် အာပေါဓာတ် ၀ါယော ဓာတ် တေဇောဓာတ်) မညီမညွတ် ဖြစ်ပြီး အိပ်ပျော်နေချိန်မှာ သိပ်အေးလွန်းနေရင် ရေထဲမှာကူး ခတ်နေရ တာမျိုး၊ တောင်ပေါ်အမြင့်ကို တက်နေရသလိုမျိုး၊ ခြင်္သေ့ ကျား ခွေးစတဲ့ တိရိစ္ဆာန်တွေ အနောက်ကလိုက် လို့ မှီလုမှီချင်ပြေးနေရသလိုမျိုး မြင်မက်ပါတယ်။

(၂) အနုဘူတပုဗ္ဗ- မကြာသေးသောအတိတ်က ခံစားရတဲ့ စားဘွယ်သောက်ဖွယ်၊ နေစရာအဆောက် အအုံ၊ တွေ့ကြုံဖူးတဲ့ အရာတွေကို နွားများ စားမြုံ့ပြန်သလို ပြန်လည်တမ်း တမြင်မက်ပါ တယ်။ ရေခဲ မုန့်စားဖူးရင် ရေခဲမုန့်ကို ထပ်စားနေရ သယောင်ယောင် ၊ တွေခဲ့တဲ့ လူကို ပြန်တွေပြီး စကားတွေပြော နေသယောင် အယောင်ဆောင်အိပ်မက်တွေမက်ကြတယ်။

(၃)  ဒေ၀တောပသံဟာရလို့ ပါဠိလိုခေါ်တယ်။ နတ်တွေက အကျိုးကိုလိုလားရင် ဘယ်သစ်ပင်အောက်မှာ ရတနာထုပ်မြုပ်လို့ထားတယ်၊ လူသူမခေါ် တစ်ယောက်တည်း တူးဖော်ပြီး ယူချေလို့ ပြောမယ်၊ အကျိုးကိုမလိုလားပြန်ရင်လည်း ရှေ့ပုံစံအတိုင်း ခိုင်းပြီး တကယ်တမ်း သွားတူးတော့ ငွေတွေ မတွေ့ ပဲ မြွေတွေဖြစ်နေတတ်ပြန်တယ်။ နတ်တွေလမ်းညွန်တဲ့ အိပ်မက်ပေါ့။

(၄) ပုဗ္ဗနိမိတ္တ ရှေ့ပြေးနိမိတ်အိပ်မက်ပါ။ ကောသလမင်းကြီ မက်တဲ့ ၁၆ ချက်သော အိပ်မက်တွေတို့၊ မြတ်ဗုဒ္ဓရဲ့ မနက်ဖြန်လို ဘုရားဖြစ်မည်ဆိုတော့ ညက မက်တဲ့ အိပ်မက်တွေပါ။ မြတ်ဗုဒ္ဓ ဘုရားဖြစ်တော့ မည့် ညကမက်တဲ့ အိပ်မက်တွေထဲမှာ မစင်ပုံ ကြီးကိုတက် နင်းပေမဲ့ မစင်တစ်စက်မှ မပေဘူးလို့ မက်တယ်။ အမှန်တော့ မစင်ပုံကို ပစ္စည်းလေးပါးနဲ့ ခိုင်းနှိုင်းပါတယ်၊ တက်နင်းရတယ်ဆိုတာ စိန်ရွှေ ရတနာတွေအလယ်မှာ နေရမယ် ၊ သို့သော်လည်း တဏှာရာဂနဲ့ တစိုးတစိမျှ မကပ်ငြိပါဘူးလို့ မက်တဲ့ အိပ်မက်ပါ။ ရှေ့အနာဂတ်မှာ တကယ်ဖြစ်မည့်အကြောင်းအရာတွေကို ကြိုတင်သတိပေးသ လိုမျိုးမက်ပါ တယ်။ အိပ်မက်မက်ရင် ဘယ်သူပဲဖြစ်ဖြစ် အထက်ပါ လေးမျိုးထဲက တစ်မျိုးမျိုးနဲ့ မက်နေ ကြပါတယ်။ ဒါပေမဲ့ နောက်ဆုံးအချက်က သာမာန်လူတွေမမက်ပါဘူး၊ ဘုရားလောင်းတို့လို ပါရမီထူးကဲ ပုဂ္ဂိုလ်များ သာမက်ပါတယ်။

မှန်-မမှန်

ရှေ့ဆုံး နစ်ခုကတော့ လုံးဝမမှန်ပါဘူး၊ တတိယမြောက် နတ်တွေပြတဲ့ အချက်ကတော့ မှန်တာရှိသလို၊ မမှန်တာလည်းရှိပါတယ်။ စတုတ္ထမြောက်ဘုရားလောင်းမက်တဲ့ အိပ်မက်ကတော့ သေချာပေါက်မှန်ပါ တယ်။

ဘယ်အချိန်မက်သလဲ

လူတစ်ယောက်ဟာ ည ၁၀ နာရီကစအိပ်တယ်ဆိုပါစို့၊ ၁၁ တစ်နာရီဟာ အိပ်မောကျတဲ့ အချိန်ပါ။ အဲဒီအချိန်မှာ မမက်ပါဘူး။မျောက်တွေ အိပ်သလို ပျော်တစ်ဝက် နိုးတစ်ဝက် မေးစက်စက် အချိန်မှာ မက်ပါတယ်။ ဒါကြောင့်လည်း အိပ်မက်မက်ပြီး အိပ်ယာက လန့်နိုးလာတာလို့ အပြောများတာပေါ့။

အကျိုးပေး မပေး

အိပ်ပျော်နေတဲ့ စိတ်ကို ဘ၀င်စိတ်လို့ခေါ်တယ်။ သိပ်ဖြူစင်ပြီး အရောင်တွေ တောက်နေ တယ်လို့ ဘုရားဟောထားတယ်။ နိုးလာတဲ့အချိန်ကျမှ ကောင်းတာတွေ မကောင်းတာတွေလုပ်ကြတာမို့ အကျိုး မပေးနိုင်ပါဘူး။ လက်တွေ့လောကကိုပဲကြည့်လိုက်ပါ ဘယ်သူက ဘယ်သူ့ကို စိတ်နဲ့ သတ်လိုက် လို့ ထောင်ဘယ်နစ်နစ်ကျသွားတယ်လို့မကြားဖူးပါ။ ရဟန်းတော်တွေမှာ လူထက်ပို့တဲ့ ဗုဒ္ဓချမှတ်ထားတဲ့ စည်းမျဉ်း စည်းကမ်းတွေရှိပါတယ်။ စိတ်နဲ့ကျူးလွန်တဲ့ စည်းကမ်းကိုတော့ အပြစ်လို့သတ်မှတ် ထားခြင်း မရှိပါဘူး၊ လွတ်စေအမိန့်ချမှတ်ခဲ့ပါတယ်။

ဘယ်သူတွေအိပ်မက်မက်သလဲ

လူတိုင်းအိပ်မက်မက်တယ်ဆိုပေမယ့် အမြင်မှန်ရပြီးကြသော မြတ်ဗုဒ္ဓနှင့် ရဟန္တာများ ဘယ်လိုအိပ်မက်မှ မမက်တော့ပါ။ အမှန်တရားမရှိသေးလို့ မမြဲတဲ့သဘောတရားကို မြဲတယ်လို့ထင်နေကြသူတွေ၊ ဒုက္ခက ပျား ရည်လို ချိုပါတယ်ဆိုသူတွေ၊အစိုးမရပါဘူးဆို လွတ်လတ်ရေးရပြီလို့အော်နေကြတဲ့ သူတွေ၊ ငါ့အယူ သာမှန် တယ်၊ တခြားအယူအဆတွေ အလကား နားခါးတယ်လို့ အာဘောင်အာရင်းသန်သန်နဲ့ပြောပြီး ကိုယ့် ကို ပေါ်တင် လိမ်တာတောင် အလိမ်ခံရမှန်းမ သိတဲ့ ကြောင်တောင်ကန်း ပုထုဇဉ်တွေသာမက် ကြတယ်။

 ဒါကြောင့် အိပ်မက်နဲ့ပတ်သက်တဲ့ အကြောင်းအရာကို တင်ပြရင်း လူသားအားလုံး မဟုတ်တာကို ဟုတ်တာထင်ခြင်း ( ဒိဌိဝိပလ္လာသ ) အမြင်မှားမှု မှလွတ်မြောက်ပြီး အိပ်မက်လှလှမက်နိုင်ကြပါစေ…

ကျမ်းကိုး။  ။အဂုၤတၱရနိကာယ အ႒ကထာ

Saturday 3 November 2012

တောက်




ဦးသူတော်တစ်ယောက် ညသန်ခေါင်အချိန်တွင်  ဗိုက်မောက်လျှက်နေနေရသည်၊ ဥပုဒ်စောင့်ထားလို့ မဟုတ်။ မနက်ကလည်း ဖြစ်သလိုချဉ်ပေါင်ဟင်းနဲ့ နစ်ပါးသွား ခဲ့ရသည် မို့  တော်တော်လေး ဗိုက်ဆာနေ သည်။ ကြိုးစားလို့ အိပ်သော်လည်း ဗိုက်ထဲက ပိုးကောင်ကလေးတွေက မျိုချလိုက်သော တံတွေးကို စားလို့မလုံလောက်တာကြောင့်  အော်နေကြတယ်ထင်ပါ့။ အပြင်ဘက်မှာ အချက်ပြတာက တစ္ဂြီဂြီ တစ်ဂွမ်ဂွမ်နဲ့၊ ဒါနဲ့ ဦးသူတော်တစ်ယောက် “အကြံကုန်လို့ ဂဠုန်ဆားချက်” ဆိုတဲ့ အတိုင်း စဉ်းစားမိတာက “အင်း…ဘုရားစဉ်မှာ ဘုရားဆွမ်းတော်ကပ်တုန်းမုန့်လေးဘာလေး ကျန်ချင်ကျန်မှာ” ဆိုပြီး ဘုရားစဉ်ရှိရာ မှန်းပြီး အသာအယာလေး ရှောက်လှမ်းသွားသည်။ တိုင်တွေနဲ့တိုက်မိမှာစိုးတာကြောင့် စမ်းပြီးသွားရသေး၊ ဘုန်းကြီးနိုးလာမှဖြင့်  ဟိုတနေ့က အောင်ဘုတို့ ဥာဏ်ကျယ်တို့ကို ရိုက်သလို တိုင်မှာအဖက်ခိုင်းပြီး အရိုက် ခံရအုန်းမယ်။ အို မတတ်နိုင်ပေဘူး ဗိုက်ထဲက ပိုးကောင်တွေက ဆန္ဒပြနေကြတော့ ၀မ်းရေးကြောင့် မကြောက်အားပါဘူး။ ဘုရားစဉ် အရှေ့ကို ရောက်တော့ အမှောင်ထဲမှာ မဲမဲတုံးတုံး ထန်းလျှက်လုံးလေးကို လက်နဲ့ စမ်းမိတော့ အားပါးတရ ကိုက်ထည့်လိုက်သည်။

“တောက်”

ဟင် … ထန်းလျှက်က အရသာလည်းမရှိ မာလည်းမာသေးတယ်ဆိုပြီး သူ့နေရာသူထားကာ လာလမ်း အတိုင်း ပြန်လာပြီး မနက်ဖန်ကျမှပဲ အ၀တုတ်တော့မယ်လို့တွေးပြီး  ကွေးကွေးလေးအိပ်ပျော် သွားတော့ သည်။ မနက်ရောက်လို့ ဆွမ်းတော်ကပ်ခါနီးမှာ ဘုရားစဉ်ပေါ်က  ရှင်သီဝလိရုပ်တုလေး ခေါင်းပြတ်နေ တာကို မြင်လိုက်တော့မှ ငိုရမလို ရယ်ရမလိုဖြစ်ကာ ခေါင်းပြောင်ပြောင်ကို ကုပ်ရင်း ကျောင်းတော် ကြီးအောက်ကို ဆင်ချလာတော့သည်။

Wednesday 31 October 2012

တစ်ခါတစ်ရံ


  တစ်ခါတစ်ရံ
မွန်းကြပ်တဲ့ အခန်းကျဉ်းလေးမှာ
ဝီစကီတစ်ခွက် အာလူးကြော်တစ်ပွဲ
စီးကရက် သုံးလိပ်နဲ့
ငါရယ် မင့်ရယ်...



 တစ်ခါတစ်ရံ
အေးငြိမ်းတဲ့ သစ်ပင်ရိပ်အောက်မှာ
သံပိတ်တစ်လုံး သင်္ကန်းသုံးထည်
ရှု့   မှတ်မှုသင်္ခါရတွေနဲ့
ငါရယ် အမှန်တရားရယ်....။

Monday 29 October 2012

မှတ်လို့မထားတဲ့ မှတ်တမ်းများ



ဒက်
ဒက်
ဒက်
တစ်ချို့က လက်မှာပတ်ထားတဲ့ နာရီတွေကြည့်ပြီး အချိန်နီးလာပြီဆိုတဲ့ ပုံစံမျိုး တစ်ချို့ကလဲ ခွဲခွါရတော့ မှာမို့ ရင်ထဲမှာ ဆို့နှင့်ပြီး ပြောစရာစကား အကုန်မပြောလိုက်နိုင်လို့နောက်မှပဲဆိုတဲ့ သင်္ကေတတွေနဲ့ ရင်ထဲမှာရူပ်ယှက်ခတ် ၀ုန်းဒိုင်းကျဲနေတဲ့ မရှင်းလင်းတဲ့လူတွေရဲ့ကြားမှာ စာရေးသူရဲ့ လက်ထဲမှာတော့ ပတ်စပို့ရယ်၊ ဘိုးဒင်းကဒ်ရယ် ပြီးတော့ ကျစ်ကျစ်ပါအောင်ဆုတ်ထားတဲ့ လေယဉ် လက်မှတ်တောင် ချွေးတွေနဲ့ရောနေပြီ။

ဘယ်နေရာ ဘာတွေလိုအပ်မယ် မသိတော့ ဒီလိုပဲ ပြည့်ပြည့်စုံစုံပါပါတယ်ဆိုတဲ့ ဟန်ပန်တွေ နဲ့ပေါ့လေ။ ဟိုကိုရောက်ပါပြီတဲ့ ငါအရင်သွားတွေရမယ့် သူကောရှိပါ့မလား၊ ခရီးလမ်းကြောင်း ချောမွေ့ ပါ့မလား “တစ်ရွာမကောင်း သူကောင်းမဖြစ်”ဆိုရိုးစကားရှိပေမယ့် င့ါအတွက်တော့ “သေချင်တဲ့ ကျား တောပြောင်း”ဆိုတာမျိုးဖြစ်နေမလားဆိုတဲ့ လားပေါင်းမြောက်များစွာနဲ့ ကိုယ့်ကိုယ်ကို မေးနေ လိုက်တာ လေယာဉ်တက်လို့ရပါပြီဆိုတဲ့အသံကြားလိုက်မှ လူများစုဝေးရာ နေရာကိုသွားလိုက်တယ်။

ဘေးနားပတ်ပတ်လည်မှာရှိတဲ့ သူတွေကို မျက်လုံးအမဲကိုထောင့်ကပ်ပြီးကြည့်လိုက်ပြန်တော့ လည်း ပြုံပြသူတစ်ယောက်မှမရှိ။ စကားပြောမယ့်သူဆိုတာ ဝေလာဝေးနေတာမို့ ကိုယ်တစ်ယောက်တည်း ခရီးဆက်ရမည်မှာ သေချာပြီပဲလေ။ လေယဉ်ပေါ်ရောက်တယ်ဆိုတာနဲ့ အထာမကျတဲ့အပြုအမူအသုံး အနှုံးတွေက  ထိုင်ရမည့်နေရာကိုမရှာတတ်တော့ဘူးလေ။ ထိုင်းလေယာဉ်မယ်လေးက အတိအကျ လက်ညိုးထိုးပြမှ နေရာရသွားပါပြီ လက်နဲ့ညွန်ပြတဲ့သာသာစကား ( လက်တင်ဘာသာ body language ) ကတော့ကျွမ်းတာပေါ့နော်။ ပထမဆုံးအကြိမ်ဆိုတာ ၀-လုံးလေးဝိုင်းဖို့တောင်အခက်သား လား လေယာဉ်ကြီး ထွက်တော့မည့်ဆဲဆဲမှာ ဘုရားတရင်း မြတ်ဗုဒ္ဓဒေသနာတော် တစ်ခုကိုလည်း မစဉ်းစားပဲ ခေါင်းထဲရောက်လာပြန်ပါပေါ့ကလား ။

ပုဏ္ဏားတစ်ယောက်က မြတ်ဗုဒ္ဓဆီလာပြီး ထေ့တေ့တေ့စကားနဲ့ အရှင်ဘုရားက အရာအားလုံးကို သိတယ်လို့ကြားမိပါ့၊ အရာအားလုံးဆိုတဲ့အထဲမှာ ကောင်းတာရော ဆိုးတာရော ပါဝင်နေတယ်ဆိုတာ ကိုကော တွေးမိရဲ့လားပေါ့ ကောင်းရာကောင်းကြောင်းတွေပဲ ပြောနေဟောနေလိုက်တာ လူတွေကိုဆိုးကျိုးဖြစ်စေတဲ့အချက်တွေကိုတော့သိထားဟန်မတူပါဘူး လို့ လျှောက်တော့ အေးဆေးပြတ်သားတဲ့လေသံနဲ့ မြတ်ဗုဒ္ဓဖြေပုံက…

နေ့စဉ်နဲ့အမျှ နေမြင့်မှအိပ်ယာထခြင်း ၊
အပျင်းကြီးခြင်း ၊
ကြမ်းကြမ်းထန်းထန်းနေထိုင်ခြင်း ၊
သေရည်အရက်ကို ကာလကြာရှည်စွာ အမြောက်အများ သောက်ခြင်း ၊
အဖော်မပါတစ်ယောက်တည်း ခရီးရှည်ကိုသွားခြင်း ၊
ဆိုတဲ့အချက်တွေကို ပြောမယုံကြုံဖူးမှသိ ဆိုတဲ့သူတွေလုပ်ကြည့်လိုက်ပါ။ ကောင်းကျိုးတစ်စုံတစ်ရာ မျှမရနိုင်ပါဘူးတဲ့ နောက်ဆုံးအချက်က ကိုယ့်ကိုများဟောနေသလားလို့ တွေးတောရင်းဖြင့်သာ…

ထိုင်းနိုင်ငံကိုရောက်ပါပြီတဲ့ လေယဉ်သက်ဆင်းပါတော့မယ်လို့ ကြော်ငြာလိုက်ချိန်မှာလူတွေလဲ လှုပ်လှုပ်ရွရွနဲ့ ကိုယ်အထုပ်ကို ပြင်ဆင်နေကြချိန်မှာ စာရေးသူကတော့ အဲယားကွန်းကြောင့် အေး စက်နေ တဲ့ လေယာဉ်ပေါ်မှာ ဇောချွေးတွေပြန်နေပေမယ့်  ဣနြေ္ဒမပျက်အောင်ခေါင်းအုံးကို ရင်ဘတ်မှာ ကွယ် ဖက်ရင်း ခါးပတ်ကိုဖြုတ်နေ မိလေရဲ့။ ဟိုနိပ်ဒီနိပ်နဲ့ နောက်ဆုံးပြုတ်သွားတော့မှ အသံမပျင်းတဲ့ သက်ပျင်းတစ်ချက်ကို မှုတ်ထုပ်လိုက်နိုင်တယ်။ ခရီစဉ်ကမပြီးဆုံးသေးပါဘူး ထိုင်းကနေတစ်ဆင့် ခရီဆက်ရမည့်နေရာကလေးက သီရိလင်္ကာခေါ်တဲ့ ( သီဟိုရ်ကျွန်းလေး)ပါပဲ ။ လူတစ်ချို့ကတော့ ဟာသလုပ်ပြီးပြောသလား ဘာလားတော့မသိ နိုင်ငံခြားမှာနေတာ ဆိုလို့ လက်စသတ်တော့ ဒို့အဘိုး နွားကျောင်းရင်းရောက်တဲ့နေရာပါလားကွာတဲ့။ ဘာပဲဖြစ်ဖြစ်လေ သူများနိုင်ငံလို့ပဲခေါ်ခေါ်၊ နိုင်ငံခြားလို့ ပဲခေါ်ခေါ် ပထမဆုံးနိုင်ငံခြား ခရီးတစ်ခေါက်ဆိုတော့ ထီပေါက်တဲ့ ကံဇာတာနဲ့တောင် ခိုင်းနှိုင်းပြောနေဟောနေကြတာ မဟုတ်ပါလား ။

ပညာတော်သင်ဆိုတော့ ပျော်ရာမှာမနေရ ၊ တော်ရာမှာသာနေရ ဆိုတဲ့အတိုင်း တော်ရာမှာနေဖို့သွားပေ မယ့် ပျော်ဖို့လည်းအိပ်မက်တွေမက်ခဲ့သေးတယ်။ နိုင်ငံခြားက တက္ကသိုလ်ကြီးတွေဆိုတော့ အဘိုးတန် စိုက်ခင်းထား တဲ့ မြက်ခင်းစိမ်းစိမ်းတွေ ထီးအကြီးစားတွေမိုးကာထားတဲ့ ခုံတန်းလျားပေါ်မှာ ရေခဲမှုန့်တွေ စားရင်း ဗဟုသုတတွေဖလှယ်လို့ နံဘေးနားက ကျောင်းသူကျောင်းသားတွေက ပန်းသီးတစ်လုံးကို အတူကိုက်စား ဟားတိုက်ရယ်မောပြီး နေ့တွေကိုကျော်ဖြတ်နေပုံကိုလည်း တွေ့ရမှာပဲလို့ ထင်ခဲ့ပေမဲ့ လည်း တကယ်တမ်း လက်တွေ့မှာတော့အရုပ်မပါတဲ့ စာအုပ်တွေနဲ့ပဲ အချိန်ကုန်လွန်ခဲ့ရတော့ တစ်ခါတစ်လေ ( အရာတော်တော်များများ )မှာ စိတ်ကူးနဲ့လက်တွေဟာ တစ်ခြားစီပါလားဆိုတာကို စာအုပ်အထူကြီးကိုလှန်မကြည့်လည်း ဘ၀နဲ့ရင်းလို့ သိရပါပြီ။ 

အဲဒီပုံရိပ်တွေကို မှတ်မထားလည်း ဘယ်တော့မှ မေ့မရတဲ့မှတ်တမ်းများ အဖြစ်ထာဝရကျန်ရစ်နေတော့ မည်…

Sunday 28 October 2012

ပီးသွားမှာပါ



အဆင်ပြေနေလား
ဟားတိုက်ကာ မရယ်ပါနဲ့
ပီးသွားမှာပါ...

အဆင်မပြေဘူးလား
ချုံးပွဲချကာ မငိုပါနဲ့
ပီးသွားမှာပါလေ...

Wednesday 24 October 2012

ဂယာအမှတ်တရ



 မာဗောဓိနောက်ခံနဲ့ အိန္ဒိယမှာ ဒီအချိန် ဒီလိုအေးတယ်


တိဘက် ဘုန်းတော်ကြီးများ

Tuesday 23 October 2012

အနေခက်လိုက်တာ




ကောင်းကင်ကိုမော်ကြည့် တိမ်တွေရယ် တစ်အိအိလိမ့်ဆင်း
ကြယ်တွေကြည်စယ်ပေမဲ့ ကိုယ်မရယ်နိုင်တာ...
ပန်းတွေဝေနေပေမဲ့ ပန်းနားဝဲတဲ့ ပျားတွေကြောင့် မင့်ရယ်နေချိန်
ကိုယ်ခေါင်းငုံ့နေရတာ...
တစ်ချိန်က ပန်းခင်းသောလမ်းမှာ ဆူးတံတားတွေတည်ဆောက်
သုံးရခက်သောနှလုံးသားဖြစ်စေခဲ့တာ...
ရင်နှစ်စေသောမင့်ရဲ့ အလွမ်းတွေဝေမှု့တွေနဲ့ နာကျဉ်းချက်တွေဖော်ထုပ် 
ဥပေက္ခာအတုတွေနဲ့လျှစ်လှူရူ့နေရတာ...
အနေခက်လိုက်တာ